“တော်လှန်ရေးဝိညာဉ်” မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်
မြန်မာပြည် မြေပုံရဲ့ ၄ ပုံ ၁ ပုံခန့် ကျယ်ဝန်းတဲ့ သျှမ်းပြည်ဟာ အရှုပ်အထွေးပေါင်းများစွာ စစ်ရေးယမ်းငွေ့တွေနဲ့ ပြည့်နှက်လာခဲ့တာ နှစ်ပေါင်း (၇၀) နီးပါးရောက် ရှိခဲ့ပါပြီ။
သျှမ်းပြည်မှာ သယံဇာတတွေ ပေါကြွယ်ဝပြီး တိုင်းရင်းသားလူမျိုးစုံ နေထိုင်တဲ့ဒေသဖြစ်သလို စစ်လက်နက်ကိုင်တွေလည်း ပေါများတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။
စစ်လက်နက်ကိုင်တွေရဲ့ ရည်မှန်းချက်တွေက အာဏာရှင်တိုက်ဖျက်ဖို့၊ ကိုယ့်လူမျိုး၊ ကိုယ့်ပြည်နယ် အဖိနှိပ်ခံဘဝ လွတ်မြောက်ရန်အတွက် လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ခဲ့ကြတာကို တွေ့ရပါတယ်။
ထိုနည်းအတိုင်း သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ (၂) ဖွဲ့ကလည်း အပါအဝင် ဖြစ်ပါတယ်။
“သျှမ်းလူမျိုး၊ သျှမ်းပြည်၊ အာဏာရှင်မှန်သမျှ တိုက်ဖျက်ရေး” ဆိုပြီး ကြွေးကြော် လက်နက်ကိုင်ခဲ့တာ ယနေ့ (မေ ၂၁ ရက်) ဆိုရင် “ ၆၇” နှစ်တိုင်ခဲ့ပါပြီ။
သို့ပေမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု တစ်ကျော့ပြန် ဖြစ်လာခဲ့ပြီး အခုဆိုရင် ၄ နှစ်ကျော်ကာလထိ ရောက်ရှိလာပေမယ့် စစ်အာဏာရှင် အမြစ်ဖြတ် တိုက်ထုတ်ဖို့ အာဏာရှင်မှန်သမျှ တွန်းလှန်ဖို့ သျှမ်းလူမျိုး၊ သျှမ်းပြည် အဖိနှိပ်ခံဘဝက လွတ်မြောက်ဖို့ဆိုပြီး လက်နက်ကိုင်လာတဲ့ သျှမ်းတပ် (၂) တပ်ဟာ ပျောက်ခြင်းမလှ ပျောက်နေပါတယ်။
ဒါကြောင့် သျှမ်းတပ် (၂) တပ်အနေနဲ့ ဘာကြောင့် လက်နက်စွဲကိုင်နေသေးလဲဆိုတာ သျှမ်းလူထုက မေးခွန်းထုတ်နေသလို သျှမ်းတပ် (၂) တပ်အနေနဲ့လည်း ပြန်လည်ဆန်းစစ် သုံးသပ်သင့်ကြောင်း သျှမ်းလူထုက ပြောဆိုလိုက်ပါတယ်။
“အခြားလူမျိုးစုတွေက လက်နက်ကိုင်ပြီး အင်တိုက်အားတိုက် တော်လှန်ရေးလုပ်နေချိန် သျှမ်းတပ် (၂) တပ်က ဘယ်မှာများ ပုန်းရှောင်သွားကြလဲ၊ ဘယ်မှာများ နေနေကြလဲ။ ဘာကြောင့် ကျနော်တို့ သျှမ်း ပြည်သူတွေ မျက်နှာငယ်အောင် ပစ်ထားရတာလဲ”- လို့ အသက် ၄၅ နှစ်အရွယ် လားရှိုးမြို့နေ စိုင်းလှရွှေ က သျှမ်းတပ် (၂) တပ်ကို မေးခွန်းထုတ်လိုက်ပါတယ်။
စိုင်းလှရွှေဟာ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် နေထိုင်သူဖြစ်ပြီး “၁၀၂၇ စစ်ဆင်ရေး”တွင် အိုးပျက် အိမ်ပျက် ကိုယ်တိုင်ကြုံတွေ့ကာ စစ်ဘေးရှောင်ဘဝ ရောက်ရှိခဲ့ရသူဖြစ်သလို လက်ရှိ စစ်ဆင်ရေး ပြီးဆုံးပြီးနောက် လားရှိုးမြို့ပေါ်သို့ ပြန်လည်နေထိုင်နေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အစဉ်အလာကို ကြည့်ခြင်းအားဖြင့် လူမျိုးစုတစ်ခုမှာ လက်နက်ကိုင်တာ မရှိပါက အားကိုးရာမရှိကြောင်း ထင်မြင်ယူဆနေချိန် လူမျိုးစုငယ်တွေ လက်နက်ကိုင်ပြီး ကိုယ့်အမျိုးသားရေးအတွက် ကာကွယ်မြှင့်တင်နေတဲ့ အချိန်ကာလ တစ်ခုဖြစ်ကြောင်း စိုင်းလှရွှေက ထောက်ပြပြောဆိုပါတယ်။
သျှမ်းလူမျိုးတွေမှာလည်း နှစ်ပေါင်းများစွာ အခြားလူမျိုးများ အားကျခဲ့ရတဲ့ ကြီးမားထင်ပေါ်တဲ့ စစ်တပ်ကြီးရှိခဲ့ပြီး သျှမ်းလူထုထောက်ခံမှု၊ သျှမ်းလူထု အားပေးပံ့ပိုးမှုကြောင့် ယခုထိတိုင် ရပ်တည်နေနိုင်တဲ့ သျှမ်းတပ် (၂) တပ် ရှိနေပါတယ်။
သျှမ်းစစ်တပ်တွေဆိုသည်မှာ တစ်ဖက်က ကျောသားဖြစ်ရင် တစ်ဖက်ကလည်း ရင်သားဖြစ်ပြီး ခွဲခြားလို့မရအောင် ယှဉ်တွဲခဲ့ကြသည်ကို သျှမ်းတပ်မတော်တွေ အနေနဲ့ မမေ့ရန် လိုအပ်ပါတယ်။
“ကျနော်တို့ သျှမ်းလူမျိုးပြောအရဆိုရင် ပြည်သူနဲ့ စစ်တပ်က ကျောသားဖြစ်ရင် တဖက်က ရင်သားပဲ။ ဒီလိုကို ဖြစ်နေဖို့ အရေးကြီးတယ်။ ကျနော်တို့ သျှမ်းပြည်သူတွေ ဒုက္ခရောက်နေတဲ့ အချိန်မှာလည်း သျှမ်းစစ်တပ်ကနေပြီး မမေ့မလျော့ဘဲ သူ့မှာရှိတဲ့တာဝန်ကို တင်းပြည့် ကျပ်ပြည့်နဲ့ ကျနော်တို့ ပြည်သူကို ကာကွယ်ရမယ်၊ ထိန်းသိမ်းရမယ်” လို့ စိုင်းလှရွှေက ပြောပါတယ်။
တော်လှန်ရေးဆိုသည်မှာ အာဏာရှင်ကို တော်လှန်ခြင်း၊ မတရားသော စနစ်တစ်ခုကို တော်လှန်ခြင်း ဖြစ်တဲ့အလျောက် လက်ရှိ “သျှမ်းတော်လှန်ရေး” လို့ ခေါင်းစဉ်တပ်ထားတဲ့ သျှမ်းတပ် (၂) တပ်က ဘယ်သူ့ကို တော်လှန်နေလဲဆိုတာကို တက်ကြွလှုပ်ရှား သျှမ်းလူငယ် ယိင်းနွံလောဝ် ထပ်လောင်း မေးခွန်းထုတ်လိုက်ပါတယ်။၊
“သျှမ်းတော်လှန်ရေးက ရှိသေးလား။ သျှမ်းတော်လှန်ရေး လုပ်နေသူတွေက ပြည်သူတွေကို ပြန်ပြီးမှ တော်လှန်နေသလိုပဲ”- လို့ ယိင်းနွံလောဝ် လက်ရှိ သျှမ်းတော်လှန်ရေးတပ် အခြေအနေကို ထောက်ပြပြောဆိုပါတယ်။
သျှမ်းတော်လှန်ရေး လုပ်ဆောင်နေပြီး အမျိုးသားရေးအတွက်ဆိုတဲ့ သျှမ်းတပ်မတော်တွေဟာ လက်ရှိမှာ ပြည်သူလူထုကို မကာကွယ်ပေးကြောင်း၊ သျှမ်းလူထုအနေဖြင့် အားကိုးစရာ အားရစရာ တစ်စက်မျှ မရှိကြောင်းလည်း သူ့ရဲ့ ခံစားချက်ကို ပြောထွက်လာပါတယ်။
“ကျမက ပြည်သူတစ်ယောက်အနေနဲ့ လူငယ်တစ်ယောက်အနေနဲ့ တော်လှန်ရေး လုပ်ဆောင်နေသူကို အားကိုးချင်တယ်၊ ယုံကြည်ချင်တယ်”လို့လည်း ယိင်းနွံလောဝ် ပြောပါတယ်။
အလားတူ သျှမ်းနိုင်ငံရေး တက်ကြွလှုပ်ရှားသူလည်းဖြစ်၊ နိုင်ငံရေးသုတေသီလည်း ဖြစ်တဲ့ နန်းခွမ်လိတ် ကလည်း “ လက်ရှိ အနေအထားနဲ့ ပတ်သက်ပြီး သျှမ်းလူငယ် သျှမ်းပြည်သူတစ်ယောက်အနေနဲ့ သျှမ်းတပ်တွေကို အားရစရာ ကျေနပ်မှုမရှိဘူး” လို့ ပြောဆိုလိုက်ပါတယ်။
သျှမ်းတော်လှန်ရေးဟာ သျှမ်းအမျိုးသားရေး လွတ်မြောက်ရေး အမျိုးသားတန်းတူရေး ရရှိဖို့အတွက် စတင်လက်နက်ကိုင် တော်လှန်လာခြင်းသည် နှစ်ပေါင်း (၆၇)နှစ်တိုင်လာပေမယ့် ရည်မှန်းချက် ပန်းတိုင် ကို မရောက်ရှိသေးပေ။
လက်ရှိ သျှမ်းတော်လှန်ရေးတပ်ဖွဲ့ (၂) ဖွဲ့ လုပ်ပုံကိုင်ပုံနှင့် နွေဉီးတော်လှန်ရေးမှာ ပါဝင်မှုကို ကြည့်ခြင်း၊ နှိုင်းယှဉ်ကြည့်ပါက အားမရကြောင်း၊ ထိုနည်းအတူ သျှမ်းလူငယ်၊ သျှမ်းလူထုအနေဖြင့် လမ်းပျောက်နေကြောင်းလည်း နန်းခွမ်လိတ်က ထောက်ပြ ပြောဆိုပါတယ်။
သျှမ်းပြည်တပ်မတော် SSA လို့ ခံယူထားတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့အကြား ပူးပေါင်းဆောင်ရွက်မှု မရှိခြင်း၊ နှစ်ဖွဲ့ကြား စစ်ရေးတင်းမာခြင်း နှင့် တိုက်ခိုက်ခြင်းတွေကို ပြုလုပ်တဲ့အတွက် လူငယ်တွေနဲ့ ပြည်သူလူထုတွေဟာ သျှမ်းအမျိုးသားရေးနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို ပါဝင်လိုမှု မရှိတော့ဘဲ စိတ်ပျက်လာခြင်းဖြစ်ကြောင်းလည်း နန်းမွေက ဆိုပြန်ပါတယ်။
SSPP နှင် RCSS ကြား ပဋိပက္ခနှင့် တွေ့ဆုံဆွေးနွေးမှု အခြေအနေ
လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှ စတင်ပြီး သျှမ်းပြည်မြောက်ပိုင်းတွင် RCSS နဲ့ SSPP ၊ တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ပူးပေါင်းတပ်ဖွဲ့အကြား နယ်မြေပိုင်နက် အငြင်းပွားမှုကြောင့် တိုက်ပွဲများ စတင်လာခဲ့တာ ယနေ့အထိပါပဲ။
RCSS ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားပြီး SSPP က လက်မှတ်ရေးထားခြင်း မရှိပေ။
ဒါ့အပြင် SSPP ဟာ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဉီးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုကော်မတီ (FPNCC) အဖွဲ့ဝင် ဖြစ်ပါတယ်။
သျှမ်းတပ် (၂) တပ်ရဲ့ ပဋိပက္ခဟာ သျှမ်းပြည်မြောက်ပိုင်းကနေ စတင်လာပြီး ၂၀၂၁ ခုနှစ်မှ စတင်ကာ သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်ဘက်အထိ ရောက်ရှိလာသလို ၂၀၂၃ ခုနှစ်တွင် ရပ်စောက်မြို့အထိ ပျံ့နှံလာခဲ့ပါတယ်။
၎င်းတပ် (၂) တပ်ရဲ့ စစ်ရေးပဋိပက္ခကြား နှစ်ဘက်တပ်စလုံးက တပ်သားသစ် စုဆောင်းမှုကြောင့်လည်း သျှမ်းလူထုတွေ စိတ်သောက အမျိုးမျိုး ကြုံတွေ့ခဲ့ရပြန်ပါတယ်။
ထို့နောက် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကုန်တွင် အပစ်အခတ် ရပ်စဲကြောင်း နှစ်ဖက်ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပေမယ့် ၂၀၂၄ ဇူလိုင်လမှာ တိုက်ပွဲတွေ တစ်ဖန်ပြန်ဖြစ်ပွားလာတဲ့ အတွက်လည်း သျှမ်းနိုင်ငံရေးသမားတွေ သျှမ်းလူထုတွေအတွက် စိတ်ပျက်ဖွယ်ရာ ထပ်ဖြစ်လာပြန်ပါတယ်။
အခုတစ်ဖန် မေလ ၂၁ ရက် သျှမ်းတော်လှန်ရေးနေ့အတွင်း သျှမ်းတပ် (၂) တပ် ရောက်ရှိနေတဲ့နေရာမှ အပစ်အခတ် ရပ်ထားကြရန် အပြန်အလှန် အမိန့်ပေးစာစောင်လည်း လူမှုကွန်ရက် စာမျက်နှာပေါ် သျှမ်းဘာသာနဲ့ မေ ၁၆ ရက်နေ့မှာ ထပ်မံပျံ့နှံ့လာတဲ့ အပေါ်လည်း အလွန်ပင် ရှက်စရာကောင်းတဲ့ လုပ်ရက်တစ်ခုလို့ သျှမ်းလူထုတွေက ပြောဆိုလိုက်ပါတယ်။
ဝါရင့် သျှမ်းနိုင်ငံရေးခေါင်းဆောင် တစ်ဉီးကလည်း သျှမ်းတပ် (၂) တပ် ပူးပေါင်းရေး၊ သျှမ်းတပ် (၂) တပ် အချင်းချင်းကြား တိုက်ပွဲ မဖြစ်ပွားရေးကိစ္စကို ကြိမ်ဖန်များစွာ ဆွေးနွေးခဲ့ပြီး မအောင်မြင် ရခြင်းဟာ သျှမ်းတပ် (၂) တပ် ခေါင်းဆောင်ပိုင်း နဲ့ သျှမ်းတပ်တွေ ပေါ်လစီတွေ ပြန်ပြီး ပြောင်းလဲဖို့ လိုအပ်ကြောင်းလည်း ပြောဆိုခဲ့ပါသေးတယ်။
“ကျနော်တို့ သျှမ်းတွေ အချင်းချင်း မတိုက်ဖို့ ပြောဆိုလာတာလည်း ကြာပြီ၊ မအောင်မြင်တာကတော့ ခေါင်းဆောင်တွေနဲ့ သူရဲ့ အနီးကပ်လူယုံတွေနဲ့ ဆိုင်မယ်ထင်တယ်။ ဒီခေါင်းဆောင်တွေက ကြာပြီလေ၊ ဘာမှ မပြောင်းလဲလာဘူး။ ဒီခေါင်းဆောင်တွေကို အရင်ပြောင်းလဲဖို့လိုတယ်လို့ ကျနော်ထင်တယ်” ဟု ဝါရင့် သျှမ်းနိုင်ငံရေးခေါင်းဆောင် တစ်ဉီးက မှတ်ချက်ပြုလိုက်ပါတယ်။
သျှမ်းလူငယ်နဲ့ သျှမ်းတော်လှန်ရေ
သျှမ်းပြည်တပ်မတော် စတင်တည်ထောင်ချိန်က မိမိတိုင်းပြည်နဲ့ အမျိုးသားရေးကို ကာကွယ် စောင့်ရှောက်ရန်အတွက် ဆိုတဲ့ ကြွေးကြော်ချက်နဲ့ “နွမ်စစ်ဟန်” လို့ခေါ်တဲ့ သျှမ်းလူငယ် ၃၁ ဦးဟာ ၁၉၅၈ ခုနှစ် မေ ၂၁ ရက်မှာ မိုင်းတုံမြို့နယ် နမ့်ကျွတ်ချောင်းဘေး တောတွင်းနေရာမှာ သွေး သစ္စာရေသောက်ခဲ့ပြီး လက်နက်ကိုင် တော်လှန်ရေးကို စတင် လုပ်ဆောင်ခဲ့ပါတယ်။
စစ်အာဏာရှင်ဆန်ဆန် ဗမာစစ်တပ်က ကြိုးကိုင်ပြီး လူ့အခွင့်အရေး ကျူးလွန်ဖိနှိပ် ခံရမှုတွေကြောင့် သျှမ်းလူထုဟာ အခွင့်အရေး ဆုံးရှုံးရမှုကို မခံနိုင်တဲ့အတွက် ၁၉၅၈ ခုနှစ်က စတင်ပြီး သျှမ်းလူငယ်တွေ ဦးဆောင်တဲ့ သျှမ်းပြည်တပ်မတော်ကို တည်ထောင်ခဲ့ကြပါတယ်။
ဒါပေမယ့် လက်ရှိအခြေအနေမှာတော့ သျှမ်းပြည်လူထု သျှမ်းအမျိုးသားရေးကို ဦးတည်ပြီး လုပ်ဆောင်မယ်လို့ ကြွေးကြော်ခဲ့တဲ့ သျှမ်းတပ်မတော်တွေက လက်ရှိမှာ သျှမ်းလူထုရဲ့ မျက်ရည်ကိုတောင် မကြည့်တော့တဲ့ အခြေအနေ ဖြစ်နေပါပြီ။
အခု အနေအထားအရဆိုရင် သျှမ်းလူထုတွေ၊ သျှမ်းလူငယ်တွေဟာ “ သျှမ်းခေါင်းဆောင်တွေ အချင်းချင်းကြား မတည့်တဲ့ ပြဿနာကြောင့် ပျောက်သောလမ်းမှာ စမ်းတဝါးဝါး” ဆိုတဲ့အတိုင်း တွေဝေမှု ဖြစ်နေကြပါတယ်။
“တပ်မတော်တစ်ခု ဖျက်ဆီးဖို့ဆိုတာ ခဏသာ ဖျက်ဆီးနိုင်ပေမယ့် အခုလို အခိုင်အမာရှိတဲ့ သျှမ်းတပ် (၂) တပ် ဖြစ်လာဖို့ဆိုတာ နှစ်ပေါင်းများစွာ သျှမ်းလူထုရဲ့ သွေးချွေးတွေနဲ့ ပေးဆပ်ပြီး တည်ဆောက် ခဲ့တာ၊ သျှမ်းလူငယ်တွေကလည်း ကျနော်လို့ သျှမ်းတပ်တွေကို ယုံကြည်အားကိုး နေကြဆဲပါ။
သျှမ်းတပ်(၂)တပ် အချင်းချင်း ပဋိပက္ခဖြစ်ပြီး ပျက်စီးသွားဖို့ ဘယ်သူမှ မလိုလားကြဘူး။ သျှမ်းလူထု အားကိုးရသလို သျှမ်းလူငယ်တွေလည်း တော်လှန်ရေးစိတ်ဓာတ် ပိုပြီးအားသန်လာအောင် သျှမ်း ခေါင်းဆောင်တွေအနေနဲ့ ဖြစ်နေတဲ့အရာကို ပြုပြင်ပေးပါ”လို့ လားရှိုးမြို့နေ စိုင်းလှရွှေက တောင်းဆို လိုက်ပါတယ်။
ထို့အပြင် သျှမ်းတော်လှန်ရေးဟာ သက်တမ်းအတော်ကြာပြီဖြစ်ပြီး ယင်းကို စတင်ခေါင်း ဆောင်ခဲ့သူတွေကလည်း တက္ကသိုလ်ကျောင်းသား လူငယ်တွေ ဖြစ်ကြတာကြောင့် အဲ့ဒီသမိုင်းနောက်ခံကို ကြည့်တဲ့အခါမှာ လက်ရှိ သျှမ်းလူငယ်တွေ အနေနဲ့လည်း သျှမ်းပြည်ငြိမ်းချမ်းရေးနဲ့ တန်ဖိုးရှိတဲ့ လူမှုဖွံ့ဖြိုးရေး၊ နိုင်ငံရေး ပြောင်းလဲမှုတွေအတွက် တာဝန်ယူမှုရှိတာကို ရှောင်လွဲမရကြောင်းလည်း နန်းမွေက ထောက်ပြပြောဆိုပါတယ်။
အခုကာလဟာ တစ်နိုင်ငံလုံး တော်လှန်ရေးအုံကြွသည့် ကာလဖြစ်တဲ့အလျောက် နိုင်ငံရေးအပြောင်းအလဲ အခွင့်အလမ်း အရေးကြီးဆုံးကာလမှာ နောင်တရစရာ ဖြစ်မယ့်အထိ တိတ်ဆိတ်မနေရအောင်၊ ငြိမ်းချမ်းရေးအတွက် ဖြစ်စေ၊ တန်ဖိုးရှိတဲ့ အနာဂတ်တစ်ခုအတွက် ဖြစ်စေ၊ သျှမ်းလူမျိုးအတွက် တာဝန်ယူမည့် လူငယ်ခေါင်းဆောင်မှုဖြင့် ပါဝင်ဖို့ ကြိုးစားသင့်ကြောင်းလည်း သူက ဆိုပြန်ပါတယ်။
“လက်နက်ကိုင်မှ ဖြစ်ရမယ် မဆိုလိုပေ၊ အခြားသော နိုင်ငံရေးလှုပ်ရှားမှုနဲ့ လူထုလှုပ်ရှားမှုမှာ အသံတိတ်မနေဘဲ သက်ဆိုင်ရာနည်းလမ်းနဲ့ မျှတမှုအတွက် မျှော်လင့်ချက်တွေ ထိန်းသိမ်းပေးခြင်း၊ ပညာ၊ သတင်းအချက်အလက်၊ အာဏာရှင်မှန်သမျှ ပြည်သူလုထုနှင့် အမျိုးသမီးများအပေါ် လူ့အခွင့်ရေးချိုးဖောက်ခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ဖြစ်ပျက်နေတဲ့အပေါ် လူမှုကွန်ရက်ပေါ်မှာ အသံထွက်ပေးခြင်းနဲ့ ကျူးလွန်သူများဖြစ်တဲ့ စစ်ကောင်စီဖြစ်စေ၊ အခြား လက်နက်ကိုင်ဖြစ်စေ၊ သျှမ်းတော်လှန်ရေးတပ်ဖြစ်စေ အရေးယူရန် ပူးပေါင်းအသံ ဖော်ထုတ်သည့်အပိုင်း လုပ်ဆောင်သင့်တယ်”လို့ နန်းမွေက အကြံပေး ပြောဆိုလိုက်ပါတယ်။
လူငယ်သဘောသဘာဝအရ လွတ်လပ်မှု၊ ပိုပြီးကောင်းမွန်တဲ့ ပြောင်းလဲမှုနဲ့ ဖိနှိပ်မှုကို တော်လှန်လိုစိတ် ရှိပြီးသားဖြစ်ပြီး နိုင်ငံရေးဖြစ်စဉ်၊ တော်လှန်ရေးဖြစ်စဉ်မှာ လူငယ်တွေ ပါဝင်လာဖို့ကလည်း ခေါင်းဆောင်ဆိုသူက လမ်းပြ လက်တွဲခေါ်သင့်ကြောင်း နန်းခွမ်လိတ်က ပြောပါတယ်။
“ကျမတို့ အခြေအနေက ဘယ်လိုဖြစ်နေလဲဆိုရင် စစ်ရေး၊ နိုင်ငံရေးအခြေအနေမှာ ကောင်းကောင်းများ အသုံးမချတတ်တဲ့ အခြေအနေများ ဖြစ်နေသလား။ တစ်ဖက်မှာ လူကြီးတွေဘက် အတွေ့အကြုံရှိ တယ်၊ လမ်းပြရမှာ သူတို့မှာ တာဝန်ရှိတယ်။ လူငယ်တွေ ပါဝင်လာဖို့ နှစ်ဘက်စလုံး နိုင်ငံရေးကို စိတ်ပါဝင်စားရမယ်၊ လုပ်ချင်တဲ့ဆန္ဒလည်း ရှိရမယ်”လို့ နန်းခွမ်လိတ်က ထောက်ပြပြောဆိုလိုက်ပါတယ်။
သျှမ်းတပ် (၂) တပ် အချင်းချင်းကြား ပစ်ခတ်မှုကြောင့် သျှမ်းလူငယ်တွေဟာ “ပဲ့မပါတဲ့လှေ”ကို လှော်ခတ်နေရသလို ဖြစ်နေကြောင်းလည်း သျှမ်းလူငယ်တွေက ပြောဆိုပါတယ်။
အချင်းချင်း ပစ်ခတ်မှုကြောင့် သျှမ်းလူငယ်တွေကလည်း သျှမ်းတပ်ထဲ တပ်သားအဖြစ် သွားလုပ်ရန် တွန့်ဆုတ်နေကြပြီး၊ စစ်အာဏာရှင်ကို တော်လှန်ပုန်ကန်ချင်သော်လည်း အခြား ပြည်သူ့ကာကွယ်ရေးတပ် PDF ထဲမှာ သွားရောက်ပူးပေါင်းရတဲ့ သျှမ်းလူငယ်များလည်း ရှိကြပါတယ်။
“တကယ်ဆို သျှမ်းတပ်(၂)တပ်က အချင်းချင်း ပဋိပက္ခမဖြစ်ရင် လူငယ်တွေ အုံလိုက်ကျင်းလိုက် သျှမ်းတပ်ထဲ ဝင်တယ်။ အခုက အချင်းချင်းပစ်ပြီး ကိုယ့်လူမျိုး ဆုံးရှုံးမှာကြောက်လို့ သျှမ်းတပ်ထဲ မဝင်ချင်တာနဲ့ ပြေးကြတာ တိမ်းရှောင်ကြတာ။ ဒါကိုလည်း ခေါင်းဆောင်တွေက မသိကြဘူးလား၊ ပြန်သုံးသပ်ပါ။ သျှမ်းတပ်တွေ အချင်းချင်း မပစ်ဘူးဆိုတာ အာမခံပေးရင် ကျနော်တို့ တပ်ထဲဝင်ဖို့ အဆင်သင့်ပါပဲ” လို့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နေ စိုင်းမိန်းက ပြောဆိုလိုက်ပါတယ်။
သျှမ်းတော်လှန်ရေးဟာ အကျပ်အတည်း အခက်အခဲတွေကြား ကျရောက်နေတဲ့အချိန်၊ အချင်းချင်းကြား မပူးပေါင်းနိုင်ပါက စစ်ရေးပဋိပက္ခ ရပ်တန့်ပြီး သျှမ်းနိုင်ငံရေး၊ သျှမ်းပြည်ထဲ နေထိုင်တဲ့ သျှမ်းပြည်သားအရေးကို ဆွေးနွေးပေးချိန် ကြရောက်နေပြီ ဖြစ်ကြောင်း ဝါရင့် သျှမ်းနိုင်ငံရေးသမားက ဆိုပြန်ပါတယ်။
“သျှမ်းတော်လှန်ရေး ခေါင်းဆောင်လို့ ခံယူသူတွေ ခေတ်ကာလနဲ့အညီ တွေးတောဖို့ ပြည်သူမျက်နှာ ထောက်ဖို့ လိုပြီ။ တော်လှန်ရေးကိုလည်း ပုံစံပြောင်းဖို့ လူထုကို ငဲ့ညာဖို့လည်း လိုတယ်။ ဒီလိုသာ ဆက်သွားမယ်ဆိုရင် သျှမ်းလူမျိုးတွေအတွက် အန္တရာယ်ဇုံ ကျရောက်နေမယ်၊ လူငယ်တွေလည်း သျှမ်းနိုင်ငံရေးကို အားတက်တရော ပါဝင်လာဖို့ လိုအပ်နေတယ်” လို့ သျှမ်းခေါင်းဆောင်များအတွက် ဝါရင့်သျှမ်းနိုင်ငံရေးသမားက ထပ်လောင်း ထောက်ပြပြောဆိုလိုက်ပါတယ်။
ဒါကြောင့် ဒီ “၆၇ နှစ်မြောက် သျှမ်းတော်လှန်ရေးနေ့”ကစပြီး သျှမ်းလူထုတွေ သျှမ်းပြည်သားတွေအတွက် သျှမ်းတပ်မတော်ဟာ ဘာတွေများ ကောင်းမွန်စွာ ပြုပြင်လာမှာလဲဆိုတာကိုတော့ အားလုံးက မျှော်လင့်ပြီးရင်း ထပ်မျှော်လင့်နေရတဲ့ အခြေအနေပါပဲ။
The post “တော်လှန်ရေးဝိညာဉ်” မရှိတော့တဲ့ သျှမ်းလက်နက်ကိုင် appeared first on သျှမ်းသံတော်ဆင့်.