ကပစ ၁၆ ၏ အရေးကြီး ကာကင်းစခန်းများ အသိမ်းခံရပြီးနောက် အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်၊ ဒဏ်ရာရ တပ်ဖွဲ့ဝင်များ အုပ်စုလိုက်ပြန်ဆင်းလာနေရ
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၁ ရက်
ပဲခူတိုင်း၊ ပန်းတောင်းတပ်နယ်ရှိ စစ်ကော်မရှင်၏ အမှတ်(၁၆)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၆) ၏ ကာကင်းစခန်းများ အသိမ်းခံရပြီးနောက် ရှေ့တန်းစခန်းများမှနေ၍ အတွဲလိုက်ဒုံးများဖြင့် ဆက်တိုက် ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း သိရသည်။
အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်ဖွဲ့များသည် ကပစ ၁၆ ၏ အဓိက ကာကင်းစခန်း ၆၆၆ ပွိုင့် အပါအဝင် ကာကင်းခစန်း လေး ခုခန့်ကို သိမ်းယူလိုက်ပြီးနောက် စစ်ကော်မရှင်က ရှေ့တန်းစခန်းများ မှနေ၍ အတွဲလိုက်ဒုံးများဖြင့် ကပစ ၁၆ ၏ အနောက်ဘက်ကို ဆက်တိုက်ပစ်ခတ်မှုများ ပြုလုပ် နေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
“ကပစ ၁၆ အနီးက ရွာတွေထဲ စစ်တပ်တပ်ဖွဲ့ဝင် ၁၀ ယောက်စီအင်အားချထားပြီး နယ်မြေစစ်ဆေးရေး ပုံစံလုပ်နေတယ်။ ကျေးရွာထဲမှာလည်း ဝါးချွန်တွေနဲ့ ခြံစည်းရိုး ကာခိုင်းနေတယ်။ ပေါ်တာဆွဲ တာတွေလည်း တအားများတယ်”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်သည် ဒုံးတပ်ရင်း ဒတရ-၆၀၁ ၏ ရှေ့တန်းခစန်းဖြစ်သည့် မိုင်တိုင် ၂၆ မှနေ၍ အတွဲလိုက်ဒုံး အလုံး ၃၀ ခန့်ဖြင့် ကပစ-၁၆ အနီးကို ပစ်ခတ်တိုက် ခိုက်ခဲ့ခြင်းဖြစ်သည်။
ကပစ ၁၆ အနီးရှိ မသုန်၊ ကျားခြေရာ၊ ကျောက်ဇကွဲ၊ ဖလုံရွာများကို စစ်ကော်မရှင်စစ်ကြောင်းများ အရောင်ပြရှာဖွေမှုများ ပြုလုပ်ခဲ့ပြီးနောက် ဒေသခံများကိုပါ ဝင်ထွက်ခွင့် ပိတ်ပင်ထားကြောင်း သိရသည်။
အဆိုပါကျေးရွာများကို စစ်ကော်မရှင်က စက်တပ်လေထီးနှစ်စီးဖြင့် ကင်းထောက်ပျံသန်းမှုများ ပြုလုပ်ခဲ့ပြီး မင်းတုန်းနယ်ဘက်မှနေ၍ ပန်းတောင်းတပ်နယ်အတွင်းကို ဒေသခံများအား အဝင် အထွက်ပြုလုပ်ခွင့်မပေးတော့ဘဲ ပိတ်ဆို့ထားလိုက်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
AA နှင့် ပူးပေါင်းတပ်များ၏ထိုးစစ်မှာ ကာကွယ်ရေးပစ္စည်းစက်ရုံများဘက်သို့ ဦးတည်လာပြီး စစ်ကော်မရှင်က စစ်ကြောင်းများကို အင်အားတိုးချဲ့ကာ ပန်းတောင်းတပ်နယ်အတွင်းသို့ ပို့ဆောင်ခုခံရန် ပြင်ဆင်လျက်ရှိသည်။ ထို့ပြင် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) နယ်မြေအတွင်းမှ စစ်ကြောင်း နှစ်ကြောင်းကို ညောင်ကျိုးစစ် မျက်နှာပြင်သို့ အရေးပေါ်ခေါ်ယူ လာကြောင်း တပ်သတင်းရင်းမြစ်ထံမှ သိရသည်။
ယခုရက်ပိုင်းအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်လူနာများကို ရခိုင်ရိုးပေါ်မှနေ၍ အစုလိုက်အပြုံလိုက် နောက်တန်းသို့ ပြန်လည်ခေါ်ဆောင်နေရပြီး ဆေးပိုက်တန်းလန်းနှင့် လူနာများပါ ပါရှိကြောင်း သိရသည်။
ပုံစာ-ကပစ စက်ရုံတစ်ရုံးအား စစ်ခေါင်းဆောင်သွားရောက်ကြည့်ရှုနေစဉ်(ပုံဟောင်း)
The post ကပစ ၁၆ ၏ အရေးကြီး ကာကင်းစခန်းများ အသိမ်းခံရပြီးနောက် အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်၊ ဒဏ်ရာရ တပ်ဖွဲ့ဝင်များ အုပ်စုလိုက်ပြန်ဆင်းလာနေရ appeared first on Ayeyarwaddy Times.