လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ၂ ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ
ရန်ကုန်၊ အောက်တိုဘာ ၂၂
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ၂ ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောပေါ်၌ လိုက်ပါလာသော အင်အား ၁၀၀ ကျော်ပါ စစ်တပ် စစ်ကြောင်းသည် လောင်းလုံးမြို့နယ်၊ ကရင်ကြီးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အထိနာခဲ့သောကြောင့် စစ်သင်္ဘောနှင့် ခလရ ၁၀၄ တပ်ရင်းမှ စစ်သားများက လက်နက်ကြီးများဖြင့် ကျေးရွာများကို ရမ်းသမ်း ပစ်ခတ်လျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ အကြမ်းဖက် စစ်တပ်၏ ပစ်ခတ်မှုကြောင့် လက်ရှိချိန်တွင် လက်ရှိချိန်တွင် ကရင်ကြီးရွာမှ ပြည်သူများ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
“တိုက်ပွဲက မနေ့တည်းက စဖြစ်နေတာ စစ်ခွေးတွေက ကရင်ကြီးရွာကို ဝင်လာတဲ့ အချိန်မှာ တိုက်ပွဲဖြစ်တာ မနေ့က ညနေပိုင်းကနေ စဖြစ်တဲ့ တိုက်ပွဲက ညပိုင်းအထိကို ဖြစ်ခဲ့တယ်။ ဒီနေ့လည်း တိုက်ပွဲဆက်ဖြစ်နေတယ်။ စစ်ခွေးစစ်ကြောင်းက ရှေ့ဆက်တိုးဖို့ လုပ်နေလို့ တိုက်ပွဲဆက်ဖြစ်နေတာ စစ်ခွေးတွေ တော်တော်အထိနာလို့ စစ်သင်္ဘောကကော ခလရ ၁၀၄ တပ်ရင်းကကော လက်နက်ကြီးတွေနဲ့ ဆက်တိုက်ကို ပစ်ခတ် တိုက်ခိုက်နေတာ” ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ယနေ့ အောက်တိုဘာလ ၂၂ ရက်နေ့ထိ တော်လှန်ရေး တပ်ဖွဲ့များက လိုက်လံ တိုက်ခိုက်နေခြင်းကြောင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။
The post လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ၂ ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ appeared first on Khit Thit Media.