သံတောင်ကြီးတွင် မိုးကြီးမြေပြိုပြီး ပျက်သွားသည့် လမ်းတံတားတချို့ကို ကိုယ်ထူကိုယ်ထ ပြင်ဆင်
ဩဂုတ် ၂၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် မိုးကြီးပြီး ရေတိုက်စားကာ မြေပြိုကျမှုကြောင့် ပျက်ဆီးသွားသည့် ရွာချင်းဆက် လမ်းတံတားများကို ဒေသခံ လူမှုအဖွဲ့စည်းများက ကိုယ်ထူကိုယ်ထ ပြန်ပြင်ဆင်နေသည်ဟု ဒေသခံများက ပြောသည်။
ဇူလိုင်လ နောက်ဆုံးအပတ်အတွင်းက မိုးများပြီး မြေပြိုမှုကြောင့် ကျေးရွာချင်းဆက် လမ်းတံတားများ ပျက်ဆီး မှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်အတွက် ခရစ်ယာန်သာသနာ အသင်းတော် များက လိုအပ်သည့် ငွေကြေးများစိုက်ထုတ်ပြီး ဒေသခံများကလည်း တက်နိုင်သည့် လုပ်အား၊ ငွေအား ထည့်ဝင်ကာ ကိုယ်ထူ၊ ကိုယ်ထ ပြင်ဆင်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ရွာချင်းဆက်လမ်းတွေ လူသွားလမ်းရော၊ ဆိုင်ကယ်လမ်းရော ပျောက်ကုန်တယ်။ လမ်းပြန်ပေါက် ပြန်ဆောက်နဲ့ အခုလုပ်နေတာ ပြီးသလောက်တော့ရှိပြီ။ ဥပမာပေါ့ သံတောင်ကြီး အရှေ့ဘက်၊ အနောက်ဘက် ခွဲလိုက်တယ်။ အဲဒီမှာ လုပ်ကိုင်စားသောက်တဲ့သူတွေက အဖွဲ့တွေခွဲပြီး သွားလုပ်ကြတာ။ အသင်းတော်ကတော့ ထမင်းချက်ပြီး ကျွေးတယ်။ ကိုယ့်အားနဲ့ ကိုယ်ကိုးပဲ” ဟု ၎င်းဒေသခံက ပြောသည်။
ပြီးခဲ့သည့်မြေပြိုမှုအတွင်း နေအိမ် လုံးဝပျက်ဆီးသွားသူများနှင့် ပျက်ဆီးမှု အတိုင်းအတာပေါ် မှုတည်၍ ယာယီ နေစရာ မရှိသေးသူများသည် သံတောင်ကြီးမြို့နှင့်ဘေးလွတ်ရာတွင် ခိုလှုံနေထိုင်လျက်ရှိကြောင်း သိရသည်။ ၎င်းတို့ ကို အသင်းတော်နှင့် ဒေသခံများက လိုအပ်သည့် အကူအညီများ ပံ့ပိုးပေးထားသလို ရိက္ခာနှင့် အမိုး အကာများ လိုအပ်နေသေးသည်ဟု ကူညီနေသူများက ပြောသည်။
သံတောင်ကြီးမြို့နယ်တွင် မြို့ပေါ်နေရာတချို့မှလွဲ၍ မြို့နယ်ကျေးရွာအများစုကို ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ တပ်မဟာ(၂)၊ တော်အူး (တောင်ငူ)ခရိုင်က ထိန်းချုပ်ထားသည်။ ထို့အပြင် သံတောင်ကြီးမြို့သည် ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၄,၀၀၀ ကျော်တွင်တည်ရှိသည့် ကရင်ပြည်နယ်၏ တစ်ခုတည်းသော တောင်ပေါ်မြို့ တစ်ခုလည်း ဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်း မိုးရွာသွန်းမှုများပြားပြီး ရေတိုက်စားမှုကြောင့် သံတောင်ကြီးမြို့နှင့် အနီးတဝိုက် ကျေးရွာများတွင် မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ ဒေသခံ ၁၁ ဦး ထက်မနည်း သေဆုံးသွားသည်ဟု ဒေသခံများနှင့် လူမှုကယ်ဆယ်ရေး အဖွဲ့များက ပြောသည်။