စစ်ရိပ်သန်းနေတဲ့ မြဝတီမြို့ ရွေးကောက်ပွဲအလားအလာ
စစ်ရိပ်သန်းနေတဲ့ မြဝတီမြို့ ရွေးကောက်ပွဲအလားအလာ
(ဩဂုတ် ၂၁၊ ၂၀၂၅ ခုနှစ်) ကေအိုင်စီ
လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ နိုင်ငံတစ်ဝှမ်းက မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ရွေးကောက်ပွဲ အပိုင်း(၁) ကို ကျင်းပသွားမယ်လို့ စစ်အုပ်စုရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဩဂုတ် ၂၀ ရက်နေ့မှာ ထုတ်ပြန် လိုက်ပါတယ်။
ဒီရွေးကောက်ပွဲ အပိုင်း(၁) မှာ ကရင်ပြည်နယ် မြို့တော် ဖားအံ၊ ပြည်နယ်မြောက်ပိုင်း စစ်အုပ်စုအခြေစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေနဲ့ ထိစပ်နေတဲ့ သံတောင်ကြီးမြို့နယ်နဲ့ နယ်စပ်ကုန်သွယ်ရေး အဓိကကျတဲ့ မြဝတီမြို့နယ်တွေ ပါဝင်နေပါတယ်။
ကရင်ပြည်နယ်ထဲက အဲ့ဒီမြို့နယ်သုံးခုစလုံးမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ရေးပဋိပက္ခ ဖြစ်နေတဲ့ မြို့တွေ ဖြစ်ပါတယ်။ ဒါ့အပြင် ကေအဲန်ယူဥက္ကဋ္ဌက စစ်တပ်လုပ်မဲ့ ရွေးကောက်ပွဲဟာ စစ်အာဏာရှင် သက်တမ်းရှည်ရေးကိုသာ ဖြစ်ပေါ်စေတဲ့အတွက် တစ်မျိုးသားလုံးက ကန့်ကွက်ဖို့ ပြောဆိုထားပြီး ဖြစ်ပါတယ်။
အခုလို စစ်ရေးပဋိပက္ခတွေ မကင်းသလို လက်နက်ကိုင်အဖွဲ့စုံရှိနေတဲ့ မြဝတီမြို့မှာ ရွေးကောက်ပွဲအလားအလာ ဘယ်လိုရှိနိုင်လဲဆိုတာ သုံးသပ်တင်ပြသွားပါမယ်။
မြဝတီမြို့ ရွေးကောက်ပွဲအလားအလာ
မြဝတီမြို့ဟာ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးရဲ့ အဓိက ကျတဲ့ မြို့ဖြစ်ပါတယ်။ ဒါ့အပြင် ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆) ထိန်းချုပ်နယ်မြေတွေလည်း ပါဝင်နေပါတယ်။
ကရင်လက်နက်ကိုင်အဖွဲ့များဖြစ်တဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်နယ်ခြား စောင့်တပ် (BGF) နဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ (PC) တပ်ဖွဲ့ဝင်များလည်း ရှိပါတယ်။ နွေဦးတော်လှန်ရေးနှင့်အတူ ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေလည်း လှုပ်ရှားနေတဲ့ မြို့နယ်တစ်ခု ဖြစ်ပါတယ်။
မြဝတီမြို့ရဲ့ လူဦးရေဟာ ပြီးခဲ့တဲ့ ၂၀၂၄ သန်းခေါင်စာရင်းအရ ၁၆၈,၇၇၉ ဦးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီနေ့အထိ သန်းခေါင်စာရင်းကောက်ယူနိုင်ခဲ့တာ ၁၀၈,၃၀၆ ဦးရှိပြီး၊ လက်နက်ကိုင်တွေ ထိန်းချုပ်ထားလို့ စာရင်းမကောက်နိုင်တဲ့ ခန့်မှန်းလူဦးရေဟာ ၆၀,၄၇၃ ဦး ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိ မြဝတီမြို့ပေါ်မှာလည်း စစ်အုပ်စုရဲ့ ဌာနဆိုင်ရာရုံးတွေ ဖွင့်လှစ်လည်ပတ်နိုင်ပေမယ့် မြို့ပေါ်ကို အုပ်ချုပ်ရေး သေသေချာချာ လုပ်ဆောင်နိုင်ခြင်းမရှိဘဲ မြို့လုံခြုံရေးကို ၎င်းတို့နဲ့ ဆက်ဆံရေးရှိတဲ့ BGF က ပူးတွဲလုပ်ဆောင်နေတဲ့ အခြေအနေလို့ အများ နားလည်ထားပါတယ်။
ဒါကြောင့် မြဝတီမှာ ရွေးကောက်ပွဲ ပြုလုပ်နိုင်ဖို့ရာ ဆက်ဆံရေးရှိတဲ့ BGF ရဲ့ အခန်းကဏ္ဍဟာ အရေးပါနေတဲ့ သဘောမျိုးပါ။ သို့သော်လည်း BGF ထိပ်ပိုင်းခေါင်းဆောင်တွေကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တိကျတဲ့ သဘောထားမျိုး ထုတ်မပြောသေးပါဘူး။
“နယ်မြေအေးချမ်းရေး၊ လုံခြုံရေးအခြေအနေ အကူအညီ တောင်းလာရင်… ဘာမှ မသိရသေးလို့ အခြေအနေကို စောင့်ကြည့်ပြီးမှ ပြောလို့ရမယ်”လို့ BGF အမှတ်(၃) တပ်နယ်မှူး ဗိုလ်မှူးချုပ် စောမောင်ဝင်းက ကေအိုင်စီကို ပြောပါတယ်။
ဒါ့အပြင် မြေပြင်မှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုမျိုးတွေ မတွေ့ရသေးသလို စစ်တပ် အုပ်ချုပ်ရေးရှိနေသေးတဲ့ မြဝတီမြို့ပေါ်မှာ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် လုပ်သွားမဲ့အလားအလာ ရှိတယ်လို့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) မှ ဗိုလ်မှူးချုပ် စောစိန်ဝင်းက အခုလို ပြောပါတယ်။
“မြို့ထဲတော့ လုပ်လို့ရနိုင်တယ်။ မြို့ပြင် လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့နေရာမှာတော့ လုပ်ဖို့ မလွယ်ဘူး။ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် လုပ်မဲ့သဘော တွေ့နေရတယ်။ DKBA အနေနဲ့ ရွေးကောက်ပွဲကို မကန့် ကွက်ဘူး၊ သို့သော် ဘာမှ ပူးပေါင်းလုပ်ဆောင်သွားဖို့ မရှိဘူး” လို့ သူက မှတ်ချက်ပြုပါတယ်။
စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒနယ်တွေ ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ ဒီထုတ်ပြန်ချက်အရ မြဝတီမြို့နယ်မှာ မဲအများဆုံးရသူ အနိုင်ရမယ့် “နိုင်သူအကုန်ယူ” စနစ်အရ ပြည်သူ့လွှတ်တော် ၁ ဦး၊ အမျိုးသားလွှတ်တော် ၁ ဦးနဲ့ ပြည်နယ်လွှတ်တော်အတွက် ၁ ဦး စီကို ကျင်းပမှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ ဖြစ်ခဲ့မယ်ဆိုရင် ဒီအမတ်နေရာတွေကို မွန်၊ ကရင်၊ ပအိုဝ်း စတဲ့ တိုင်းရင်းသားပါတီတွေ အနိုင်ရဖို့ အလားအလာ နည်းပြီး ကြံ့ဖွံ့ပါတီကသာ ရေပန်းစားပါတယ်။ အကြောင်းရင်းကတော့ ရွေးကောက်ပွဲကို ကြံ့ဖွံ့ပါ တီအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ပိုစိတ်ဝင်စားပြီး သာမန်ပြည်သူတွေကတော့ စိတ်ဝင်စားမှုနည်းနေတာ မြေပြင်အခြေအနေအရ သိရပါတယ်။
ပြည်နယ်တစ်ခုလုံးအတွက် ကျန်အမျိုးသားလွှတ်တော် ၆ ဦးနဲ့ ပြည်နယ်လွှတ်တော်အတွက် ကျန်နေတဲ့ ၇ ဦးကို အချိုးကျစနစ်နဲ့ သွားမယ်လို့ သိရပြီး ဝင်ပြိုင်တဲ့ ပါတီအလိုက် ရတဲ့ မဲအရေအတွက်ကို ဘယ်လို အချိုးချမယ်ဆိုတာတွေတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
စစ်အုပ်စုဘက်ကတော့ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက်လည်း အရေးပါပြီး မြဝတီမြို့ကို ပြန်ထိန်းချုပ်၊ ရွေးကောက်ပွဲလုပ်နိုင်ဖို့ ကော့ကရိတ်-မြဝတီ အာရှလမ်းကို ထိုးစစ်ဆင်တာတွေ ဒီလဆန်းပိုင်းမှာ စလုပ်လာပါတယ်။
ဒါအပြင် စစ်ရေးရည်မှန်းချက်အောင်ဖို့ မြဝတီမြို့ကို စက်သုံးဆီတင်ပို့မှု ဖြတ်တောက်ထားပါတယ်။ ဒါကြောင့် မြဝတီမြို့မှာ ထိုင်းဘက်ကရော၊ ပြည်တွင်းဘက်ကပါ စက်သုံးဆီ မရတော့တဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။ ဒီလို မရေရာမသေချာတဲ့ နယ်စပ်အခြေအနေနဲ့ မြို့ခံတွေကတော့ အသားကျနေပြီး သူနည်းသူ့ဟန် စက်သုံးဆီ ရှာဖွေအသုံးပြုနေဆဲပါ။
ဒါ့အပြင် လက်နက်ကိုင်အဖွဲ့တွေကို စီးပွားရေးပိုင်း ထိခိုက်မှု ရှိစေတဲ့ နယ်စပ်ကုန်သွယ်ရေး (လိုင်စင်မဲ့ကုန်)၊ ထိုင်းမှ တစ်ပတ်ရစ်ကား (လိုင်စင်မဲ့ကား) တွေကို လွန်ခဲ့တဲ့ ဇူလိုင်လကတည်းက ပြည်နယ်တွင်းမှာ ဖမ်းဆီးပြီး စနစ်တကျ လုပ်ဆောင်လာတာ တွေ့ရပါတယ်။
ရွေးကောက်ပွဲတစ်ခု တရားမျှတမှုနဲ့ နိုင်ငံတကာ အသိအမှတ်ပြုမှုရှိဖို့က နံပါတ်(၁) အချက်အနေနဲ့ ပြည်သူလူထု စိတ်အားထက်သန်မှု ရှိဖို့ လိုပါတယ်။ နံပါတ်(၂) အချက်က နယ်မြေ တည်ငြိမ်အေးချမ်းဖို့ လိုတယ်လို့ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ (PC) က ဗိုလ်မှူးကြီး စောကျော်ညွန့်က မှတ်ချက်ပြု ပြောပါတယ်။
မြဝတီအပါအဝင် ဒေသအတော်များများမှာ အခုအခြေအနေက နှစ်ခုစလုံး ရှိမနေပါဘူး။ အဲ့ဒါကြောင့် ဒီရွေးကောက်ပွဲဟာ သမာသမတ်ကျတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အခက်အခဲ၊ စိန်ခေါ်မှုတွေ ရှိနေတာ တွေ့ရတယ်လို့ သူက ဆက်ပြောပါတယ်။
ရွေးကောက်ပွဲအပေါ် သူ့ရဲ့ မှတ်ချက်ကတော့ ကရင်စကားပုံတစ်ခုနဲ့ နှိုင်းယှဉ် ပြောဆိုပါတယ်။ မြန်မာလို အဓိပ္ပါယ်က “သူ့လှေ သူလှော်၊ ကိုယ့်လှေ ကိုယ်လှော်” လို့ ဆိုပါတယ်။