လူထုကို ကိုယ်စားမပြုတဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တယ်လို့ ကယန်းအမျိုးသားတပ်မတော် ပြော
ကန္တာရဝတီတိုင်း(မ်)
ပြည်သူလူထု ဆန္ဒမပါပဲ ရွေးကောက်ပွဲ ပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ စစ်ကော်မရှင် အုပ်စုကို အတွေးအခေါ်အရ ဖြစ်စေ ၊ ကိုယ်ဟန်အရ ဖြစ်စေ ပြတ်ပြတ်သားသား ဆန့်ကျင်သွားမှာ ဖြစ်တယ်လို့ ကယန်းအမျိုးသား တပ်မတော် (KNA) က မနေ့က ဩဂုတ်လ (၂၀) ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ရွေးကောက်ပွဲဆိုတာ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်ကို ရွေးကောက်တင်မြောက်ရတာ ဖြစ်တဲ့အတွက် ပြည်သူလူထု မပါဝင်တဲ့ ဒီရွေးကောက်ပွဲဟာ စစ်မှန်တဲ့ ပြည်သူတွေကို ကိုယ်စားပြုမှာ မဟုတ်ပဲ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် ပြုလုပ်နေတာပဲဖြစ်တယ်လို့ ကယန်း အမျိုးသားတပ်မတော် (KNA) ပြောရေးဆိုခွင့်ရှိသူ ခွန်းရဲခေါင်က အခုလို ပြောပါတယ်။
“ကိုယ်စားပြုမှုတွေ အားလုံးဟာလည်း စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် အလုပ်လုပ်ပေးမယ့် သူတွေပဲ ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ စစ်အာဏာရှင် ပြုလုပ်တဲ့ ရွေးကောက်ပွဲဟာ လူထုကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေ ထွက်ပေါ်လာမှာ မဟုတ်ပဲ ဒီကနေ့ အကြမ်းဖက် စစ်အာဏာသိမ်းထားတဲ့ အကြမ်းဖက် လုပ်ငန်းတွေကိုလုပ်နေတဲ့ စစ်အာဏာရှင်ရဲ့ ကိုယ်ပွားတွေ အဖြစ်နဲ့ ပေါ်ထွက်လာမှာ ဖြစ်တယ်” လို့ ခွန်းရဲခေါင်က ပြောပါတယ်။
စစ်ရာဇဝတ်မှုကို အကြိမ်ကြိမ် ကျုးလွန်ပြီး ပြည်သူလူထုအပေါ် လက်နက်အားကိုးနဲ့ နိုင်ငံအနှံ့နေ့စဉ်ရက်ဆက် အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ် သက်ဆိုးစေရေးအတွက်သာဖြစ်တယ် ဆိုတဲ့အချက်အပါအဝင် အချက်လေးချက် နဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ကယန်းအမျိုးသားတပ်မတော် KNA က မနေ့၊ ဩဂုတ်လ ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားတာပါ။
ပြည်သူလူထုအပါအဝင် တော်လှန်တိုက်ပွဲဝင်နေကြတဲ့ အင်အားစုအားလုံးအနေနဲ့ စစ်ကော်မရှင် က ကျင်းပမဲ့ ရွေးကောက်ပွဲကို နိုင်ငံရေး ၊ စစ်ရေး ၊ လူထုလှုပ်ရှားမှု စတဲ့ နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်သွားကြဖို့ကိုလဲ တိုက်တွန်းထားပါတယ်။
စစ်ကော်မရှင်အုပ်စုဟာ လာမဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲပြုလုပ်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပ ပြုလုပ်နိုင်ဖို့ အတွက် ကရင်နီရဲ့စစ်မြေပြင်မှာ အပြင်းအထန် ထိုးစစ်ဆင်နေတာ ဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သုံးသပ်ထားကြပါတယ်။
The post လူထုကို ကိုယ်စားမပြုတဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တယ်လို့ ကယန်းအမျိုးသားတပ်မတော် ပြော first appeared on Kantarawaddy Times.